တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ ၂၀
24 July 2014 16:49(+0630) (6 ရက် ခန့်က)
ရန်သူဟောင်းတွေနဲ့လက်ဆွဲနှုတ်ဆက်လို့ကောင်းတုန်း၊ ကျနော်အမှတ် မမှားဘူးဆိုရင် ဘန်ကောက် မှာကျင်းပတဲ့ အာဆီယံဒေသ ခရီးသွားလာမှု ဖံွံ့ဖြိုးရေးဆွေးနွေးပွဲအတွင်း မြန်မာဟိုတယ်နဲ့ ခရီးဝန်ကြီး ကို အင်တာဗျုးလုပ်ပြီး နောက်တတရက် မနက်စောစောမှာ “နန်စူစန်ဖမားတွေက ရတ်ချပူရီဆေးရုံကို ၀င် စီးထားပြန်ပြီ” ဆိုတဲ့သတင်း ထိုင်း TV မှာ စကြားလိုက်ရတာပါ။
(သံရုံးသိမ်းကျောင်းသားခေါင်းဆောင် ကိုဂျော်နီနှင့် ဆေးရုံသိမ်းခေါင်းဆောင် ကိုဗေဒါတို့ကို တခြား ၂ ဦးနဲ့အတူ တွေ့ရစဉ်)
မနီလွိုင်က ကျောင်းသားတွေနဲ့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းရပ်ကွက်တွေကို ဖုန်းဆက် မေး မြန်းပေမယ့် ဘာမှအတိအကျမရပါ။ နောက်ပိုင်းမှ ပြန်သိရတာကတော့ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ဆန်းပိုင်းကစပြီး သံရုံးသိမ်းကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုဂျော်နီတို့ စွမ်းအားမြင့် မြန်မာကျောင်း သားစစ်သည်တော်များအဖွဲ့ (VBSW) နဲ့ ဘုရားသခင်တပ်မတော် (God Army) စခန်းရှိရာ ကမာပု လောဒေသဆီ န၀တတပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ လက်နက်ကြီး အလွန်အကျွံ သုံးခဲ့ကြောင်း၊ တချိန်တည်းမှာပဲ ထိုင်းဘက်ကလည်း သူတို့နယ်ထဲဆုတ်ခွင့်မပေးဘဲ န၀တ နဲ့ပေါင်းပြီး တိုက်တဲ့ သဘောတောင်ရှိခဲ့တယ်လို့ နယ်စပ်နေသူတွေက ပြောပါတယ်။
ဒီအတွက် ဒဏ်ရာရလူနာက များပြား၊ ဆေးဝါးက မလုံလောက်၊ ကျွမ်းကျင်ဆေးမှူးကလည်း မရှိတာနဲ့ နောက်ဆုံးကြံရာမရဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဆရာဝန်ရှာဖို့ ထွက်လာရာကနေ ရတ်ချပူရီဆေးရုံဆီ ရောက် လာတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် သတင်းစကြားကြားချင်းတော့ ဒါတွေကိုမသိပါဘူး။ ကျောင်းသားတွေ ဆေးရုံကိုသိမ်းပြန်ပြီဆိုတော့ ကိုဂျော်နီတို့ လက်ချက်ပဲဖြစ်မှာ ပဲလို့ မှန်းပြီး ရတ်ချပူရီကိုသွားဖို့ အမြန်ကြိုးစားရပါတယ်။
ကြိုးစားတယ်ဆိုပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြန်မာစာအုပ်အတုတခုကလွဲပြီး သတင်းထောက် ဆိုင်ရာ သက်သေခံအထောက်ထား ဘာမှမရှိ။ အရင်က နီးစပ်ခဲ့ဖူးတဲ့၊ မြန်မာ့ဒီမိုကရေစီအင်အားစု တွေကို ကူညီခဲ့ဖူးတဲ့ ထိုင်းထောက်လှမ်းရေးတွေကလည်း သံရုံးစီးနင်းမှုဖြစ်စဉ် ထူးထူးရှယ်သတင်းပို့ပြီး ကတည်းက ကျနော်တို့နဲ့ ကိုဂျော်နီတို့နဲ့အဆက်သွယ်ရှိတယ်ထင်ပြီး ကျနော်ကိုမယုံတော့ပါ။ ဒီတော့ ထောက်လှမ်းရေးအကူညီနဲ့အရင်လို နယ်စပ်သွားဖို့ မဖြစ်နိုင်တော့။
ဒီလိုကြံရမရဖြစ်နေတုန်း မနေ့က သတင်းစာရှင်းပွဲမှာ အတူတူ သတင်းတက်ယူခဲ့သူ (အဲဒီအချိန်က RFA မှာ ယာယီတာဝန်ထမ်းနေပြီး အခု BBC မြန်မာပိုင်းအစီစဉ်မှုးတာဝန်ယူထားသူ) ဒေါ်တင်ထား ဆွေနဲ့ အဆက်သွယ်ရလိုက်ပါတယ်။ RFA ဗီယက်နမ်ဌာနက သတင်းထောက်တဦး၊ ထိုင်းကားဆရာ၊ ဒေါ်တင်ထားဆွေနဲ့ ကျနော်တို့ ၄ ဦး ရတ်ချပူရီကို ရောက်တော့ နေ့လယ် တနာရီလောက် ရှိနေပါပြီ။ ဆေးရုံးဝင်း ၀င်ပေါက်အားလုံးကို ပိတ်ထားပြီး အားကစားကွင်းရှိတဲ့ဘက်မှာ သတင်းထောက် အများ ကြီးကို တွေ့ရပါတယ်။ ကျနော်လည်း ဘန်ကောက်သံရုံး စီးနင်းစဉ်ကလိုမျိုး အင်တာဗျုးများ ရမလား ဆိုပြီး လက်ကိုင်ဖုန်းတလုံးနဲ့ ဟိုဆက်ဒီဆက် လိုက်မေးခဲ့ပေမယ့် ဘာအင်တာဗျုးမှ မရလိုက်ပါဘူး။
ညနေ ၇ နာရီ ၄၅ မိနစ် DVB ပထမအကြိမ် အသံလွှင့်ချိန်အတွက် သတင်းပို့တဲ့အထိ အခြေအနေက ဘာမှ သိပ်မထူးခြား။ ဒါပေမယ့် ညဥ့်နက်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်တွေဘက်က လှုပ်ရှားမှုဟာ စေ့စပ်ဆွေးနွေးရေးထက် ဖမ်းဆီးဖြိုခွဲရေးဘက် နည်းနည်းယိမ်းလာသလားလို့ သံသယ၀င်စရာ ဖြစ် လာစေခဲ့ပါတယ်။ နောက်တခါ ကျနော်ဘေးမှာရှိနေတဲ့ ထိုင်းသတင်းထောက်တွေ အပါအ၀င် စကား ပြောခွင့်ရခဲ့တဲ့ ထိုင်းပြည်သူတွေရဲ့အမြင်ဟာ ဘန်ကောက်သံရုံး စီးနင်းစဉ်ကနဲ့ မတူတော့ပါ။ ဘန် ကောက်သံရုံး စီးနင်းမှုဟာ မြန်မာအချင်းချင်းပြဿနာလို့ သူတို့က မြင်ကြပြီး ကိုဂျော်နီတို့ အဖွဲ့ရဲ့ လုပ် ရပ်ကို “ဒီး ဒီး” လို့ လက်မ ထောင်ပြခဲ့သူတွေပါ။
ဒါပေမယ့် အခု ရတ်ချပူရီ ဆေးရုံကိစ္စမှာတော့ သူတို့အမြင်က အဲဒီလိုမဟုတ်တော့။ ထိုင်းလူမျိုးတွေကို ဒုက္ခပေးတဲ့ မြန်မာကျောင်းသားတွေအဖြစ် မြင်လာနေပါတယ်။ ဖြေရှင်းသူတွေကလည်း သံရုံးတုန်းက လို နိုင်ငံရေးပြဿနာကို ကိုင်တွယ်တယ်ဆိုတာထက် အမျိုးသားလုံခြုံရေးပြဿနာအဖြစ် ရှုမြင်ပုံရပြီး ကိုင်တွယ်ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းသတင်းထောက်တွေ ကြားမှာလည်း ဒီလိုပါပဲ။ ဆေးရုံထဲ TV ရိုက်ခွင့်ရတဲ့ ထိုင်းချယ်နယ်က Footage တွေကို အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး လုံခြုံ ရေးတပ်ဖွဲ့က အရင်စစ်ဆေးဖို့ပေးလိုက်ပါတယ်။
လုံခြုံရေးတွေကနေ ဆေးရုံဝင်းထဲက သေနတ်သမားတွေနဲ့ ဓားစာခံ အခြေအနေတွေကို အသေးစိတ် လေ့လာပြီးမှ မီဒီယာမှာပြဖို့ ပေးလိုက်တာကို မြင်လိုက်ရပါတယ်။ ဆင်ဆာမရှိဘူးဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီဖြစ်စဉ်ကို မြင်လိုက်ရတော့ ကျနော့်စိတ်ထဲ တမျိုးပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဒီလုပ်ပဲ လုပ် ကြမှာလား။ ဒါဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတခုလား။
နောက်တချက်သတိထားမိတာကတော့ သံရုံးနဲ့ ဆေးရုံအခင်းအကျင်းကွာခြားချက်ပါ။ သံရုံးကိုဝင်စီးတဲ့ ကိုဂျော်နီတို့က သံရုံးတခါးအသေပိတ်ပြီး အပြင်ကလူတွေကို လုံးဝအ၀င်မခံဘဲ တားထားလို့ရပေမဲ့ ဆေးရုံမှာကတော့ အရေးပေါ်လူနာတွေရှိနေတဲ့အတွက် အဲဒီလူတွေကိုသယ်ဖို့ သူနာပြုကား ၀င်ခွင့် ပေးရပါတယ်။ ရုပ်ရှင်တွေထဲမှာမြင်ခဲ့ဖူးတဲ့အတိုင်းပါပဲ။ အထူးရဲတွေက ဆေးရုံယူနီးဖောင်းဝတ်ပြီး အဲဒီ လူနာတင်ကားနဲ့ ဆေးရုံဝင်းအတွင်းလိုက်သွားတာကို သတင်းထောက်တွေက မြင်နေရပါတယ်။
ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ ဆေးရုံဝင်းတံခါးရှေ့က သတင်းထောက်တွေကို နောက်နည်းနည်း ဆုတ်ပေးဖို့ပြောပြီး သံဆူးကြိုးတွေနဲ့ ကာလိုက်ပါတယ်။ တခါ ည ၁ နာရီလောက်မှာ နောက်ထပ်တခါ ထပ်ဆုတ်ခိုင်းပြီး သံဆူးကြိုးဝိုင်းကို တဖြည်းဖြည်းနဲ့ ချဲ့လာပါတယ်။ ဆိုလိုတာကတော့ ကင်မရာနဲ့ ဆေးရုံဝင်း တဖြည်းဖြည်းဝေးသွားအောင် ဖန်တီးပြီး ၀င်ရှင်းဖို့ပြင်နေတဲ့ အနေအထားမျိုးလို့ ယူဆနိုင် ပါ တယ်။
သူတို့ ကျဆုံးသွားလေပြီ
ထင်ထားတဲ့အတိုင်းပါပဲ။ မနက် ၅ နာရီလောက်မှာ “၀ုန်း” ဆိုတဲ့ ပေါက်ကွဲသံကြီးနှစ်ခု ဆက်တိုက် ကြားရပြီး အားကစားရုံဘေးမှာ အိပ်ငိုက်နေတဲ့ကျနော် လန့်နိုးသွားပါတယ်။ အသံဖမ်းစက်ကို Pause လုပ်ထားပေမယ့် အဲဒီအသံကိုဖမ်းဖို့ အချိန်မမီလိုက်ပါဘူး။ ပြီးတော့ လက်နက်ငယ်သံတွေ အဆက် မပြတ်ကြားရပြီး ကောင်းကင်ပေါ်မှာလည်း ရဟတ်ယာဉ်အသံတွေ ဆူလို့။ တခြားသတင်းထောက်တွေ နဲ့အတူ လှဲအိပ်ပြီးနေရာယူ၊ အသံဖမ်းစက်ကို အပေါ်ထောင်၊ မျက်စိက ဆေးရုံဘက် ချောင်းကြည့်ပေါ့။ အဲဒီလို နေရာယူနေစဉ် ရဟတ်ယာဉ်ပေါ်က မီးဆလိုက်က ကျနော်ခေါင်းပေါ် တည့်တည့်ထိုးနေ သ လားလို့ ထင်ရအောင်ကို လင်းထိန်လွန်းလှပါတယ်။
(ဆေးရုံစီးနင်းမှုအပြီး၊ ကမာပုလောစခန်းကျပြီးနောက် ထိုင်းစစ်တပ်ဆီ လက်နက်ချလိုက်တဲ့ God Army တပ်မှုးကလေးငယ်များ)
ဝမ်းခစန်းတိုက်ပွဲကာလက ညတိုက်ပွဲအတွင်း မီးကျဉ်ပစ်တာကို သွားသတိရမိပါတယ်။ ထွက်ပြေးသွား တဲ့ သေနတ်သမားတဦးကို ရဟတ်ယာဉ်က လိုက်ရှာနေတယ်ဆိုပြီး သတင်းထောက်တွေအကြား ပြော သံကြားတော့ ပိုလန့်သွားပါတယ်။ ရေဒီယိုသမားက မြေမှာဝပ်ပြီး အသံကိုဖမ်း၊ နားကိုစွင့်နေရုံနဲ့ အ ဆင်ပြေပေမယ့် ကင်မရာသမားတွေကတော့ ဒီလိုနေလို့ မရ။ အဲဒီအချိန်က DVB မှာ တီဗွီချာနယ် မရှိ သေးလို့ တော်သေးတယ်လို့ပြောရမယ်။
Live လွှင့်နေတဲ့ TV တွေအားလုံးကို လုံခြုံရေးအဖွဲ့ကတားဆီးပြီး ထိုင်းကင်မရာသမား ၂ ဦးကို အဲဒီ တပ်ဖွဲ့က တားဆီး၊ ဟိန်းဟောက်၊ သေနတ်ပြ ခြိမ်းခြောက်နေတာကို ကျနော်တွေ့လိုက်ရပါတယ်။ ထိုင်း သတင်းထောက်တွေတောင် ဒီလို အဟောက်ခံနေရရင် ငါ့လို ဘာ ID မှမရှိတဲ့ မြန်မာဆိုရင်တော့ သေနတ်သမားနဲ့ ကြံရပါလားဆိုပြီး နှိပ်ထည့်လိုက်ရင် ဒုက္ခဆိုပြီး ကြောက်စိတ်က၀င်၊ တဖက်ကလည်း အသံတွေကို ရအောင်ဖမ်း၊ မြင်ကွင်းတွေကို မှတ်မိ အောင်ကြည့်နဲ့ အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။
အံ့သြဖို့ ကောင်းတာကတော့ ဒေါ်တင်ထားဆွေပါပဲ။ သူပုန်လူထွက်သတင်းထောက်ကျနော်က အဲဒီလို ကြောက်ဖို့ စိတ်ကူးနေစဉ်မှာ သူက ဘာမှမကြောက်ဘဲ မုန်ဘိုင်းတယ်လီဖုန်းနဲ့ FRA မနက်ပိုင်း အစီစဉ် အတွက် Live သတင်းပို့နေပါတယ်။ DVB ကတော့ အဲဒီအချိန် အော်စလိုကလူတွေ အိပ်ကောင်း တုန်း။ မနက်ပိုင်းအစီစဉ်လည်း မရှိသေးတဲ့အတွက် အသံတွေ ဖမ်းထားရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါ ဘူး။ တနာရီလောက် ရှုပ်ယှက်ခပ်ပြီးနောက်မှာတော့ အားလုံး အိုကေ သွားပြီ၊ ဓားစာခံတွေကို ကယ် တင်လိုက်နိုင်ပြီလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် သေနတ်သမားတွေကို ဘယ်လိုအရေးယူသလဲဆိုတာကိုတော့ အတိအကျ ပြောမသွားပါ။ သေနတ်နဲ့ခုခံလို့ ပစ်သတ်လိုက်ရသလိုလို၊ လွတ်သွားတဲ့တဦးကို လိုက်ဖမ်းနေဆဲဖြစ်သလိုလိုနဲ့ သိပ် မရှင်းလှ။ ဆေးရုံဝင်းထဲကိုလည်း သတင်းထောက်တွေကို ၀င်ကြည့်ခွင့် မပေးသေးပါ။ ဒါပေမယ့် အခြေ နေအရပ်ရပ်ဟာ အားလုံးပြီးဆုံးသွားပြီလို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုနဲ့ တညလုံး အိပ်ရေးပျက်ထား တဲ့ ကျနော်တို့အဖွဲ့ဟာလည်း ဆေးရုံးဝင်းထဲ ၀င်ကြည့်ခွင့်ရမယ့် နေ့လယ်ပိုင်းအထိ မစောင့်တော့ဘဲ ဘန်ကောက်ကို ပြန်တက်လာခဲ့ပါတယ်။ ညနေပိုင်း သတင်းမပို့ခင်လေးမှာ ၀င်လာတဲ့သတင်းတွေအရ VBSW နဲ့ God Army က ရဲဘော် ၁၀ ဦးစလုံးကို လုံခြုံရေးအဖွဲ့က အသေပစ်သတ်လိုက်ပြီး အဖြူရောင် ပိတ်စတွေနဲ့ စည်းထားတဲ့ အလောင်း ၁၀ လောင်းကို ပြသထားတာ TV မှာ တွေ့လိုက်ရပါတယ်။
နောက်ပိုင်းသိရတဲ့ အချက်တွေအရ သံရုံးစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဂျော်နီဟာ ကမာပုလော တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ် ရထားတဲ့အတွက် ဒီဆေးရုံစီးနင်းမှုမှာ မပါဘူးလို့ သိရပါတယ်။ VBSW အဖွဲ့မှ ကိုဗေဒါက ဦးဆောင်ပြီး God Army တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆို ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ God Army ဌာနချုပ်ဖြစ်တဲ့ ကမာပုလောစခန်းဟာ န၀တရဲ့ ထိုး စစ်တင်မကဘဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကိုပါခံရပြီး တလလောက်အကြာမှာ ကမာပု လောစခန်း ကျသွားပါတယ်။ ။


No comments:
Post a Comment